International News

ထိုင်းအစိုးရအဖွဲ့မှ အစားအစာပြုပြင်ထုတ်လုပ်ရေးစီမံချက်အပေါ် အတည်ပြု

Last Updated:

အစိုးရအဖွဲ့အနေဖြင့် အစားအစာပြုပြင်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်မှုစီမံချက် (၂၀၁၉-၂၀၂၇) နှင့် အထောက်အပံ့ဘတ်ဂျက်ငွေဘတ် (၆.၆) ဘီလီယံအား ၂၈.၄.၂၀၂၀ ရက်နေ့တွင် အတည်ပြုပေးခဲ့ပါသည်။ အစိုးရပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး Rachada Dhanadirek ၏ ပြောကြားချက်အရ လုပ်ဆောင်မှုစီမံချက်များသည် ထိုင်းနိုင်ငံ အား ပြုပြင်ထုတ်လုပ်ထားသော  အစားအစာ (၁၀) မျိုးအတွက် အချက်အချာဗဟိုဖြစ်လာစေရေးအတွက် အဆင့်မြှင့်တင်သွားရန်နှင့် ၂၀၂၇ ခုနှစ်တွင် ကမ္ဘာ့ဈေးကွက် သို့ စားနပ်ရိက္ခာတင်ပို့သည့် ထိပ်တန်း (၁၀) နိုင်ငံတွင် တစ်နိုင်ငံအဖြစ် ပါဝင်လာစေရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။

ရည်မှန်းချက်မှာ ဆန်၊ ရေထွက်ကုန်များ၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ၊ မွေးမြူရေးနှင့် ဇီဝအစားအစာများ စသည့်ပစ်မှတ်ထားသော အစားအစာများ၏ ပြုပြင်ထုတ်လုပ်မှုများကို အဆင့်မြှင့်တင်သွားရန်နှင့် တီထွင်ဖန်တီးထုတ်လုပ်မည့် အစားအစာများကို ထုပ်ပိုးမှုနှင့် ဒီဂျယ်တယ်နည်းပညာတို့ဖြင့် အထောက်အကူ ပြုစေရန်ဖြစ်ပါသည်။

သူမက ဆက်လက်၍ လုပ်ငန်းစီမံချက်တွင် စီးပွားရေးလုပ်ငန်းရှင်အသစ်များ ပေါ်ထွက်လာစေရေး၊ တန်ဖိုးမြှင့်အစားအစာများထုတ်လုပ်ရေး၊ အလုပ်အကိုင် အသစ်များ ဖန်တီးရေးနှင့် အစားအစာလုပ်ငန်းမှ ဝင်ငွေရရှိစေရေးတို့ပါဝင်ပါသည်။

ဤစီမံချက်သည် တီထွင်ဆန်းသစ်ထားသော အစားအစာများထုတ်လုပ်မှုကို စီးပွားဖြစ် အတိုင်းအတာအထိ ဖွံ့ဖြိုးတိုးတက်စေရန်၊ အစားအစာဖွံ့ဖြိုးတိုးတက်စေရန်နှင့် စမတ်ကျသောထုတ်ပိုးမှုအဖြစ် ဖွံ့ဖြိုးတိုးတက်လာစေရန်လည်း ရည်ရွယ်ထားခြင်းဖြစ်ပါသည်။ အစိုးရအနေဖြင့် လက်ရှိ ဒီဂျစ်တယ်ပလက်ဖေါင်းများကို အသုံးပြုခြင်း၊ ပြည်တွင်းစီးပွားရေးနှင့် အခြေခံအဆောက်အဉီများ ဖွံ့ဖြိုးတိုးတက်စေခြင်းဖြင့် စီးပွားရေးလုပ်ငန်းများနှင့် အစားအစာခရီးသွားလုပ်ငန်း (Food Tourism) ကို အထောက်အကူပြုရေးနှင့် ထိုင်းအစားအစာများကို ကမ္ဘာ့အဆင့်အတန်းအထိ အဆင့်မြှင့်တင်ခြင်းတို့အတွက်လည်း ကူညီပေးရန် ကတိပြုထားပါသည်။

သူမက ဆက်လက်၍ အစိုးရအနေဖြင့် (၉) နှစ်တာကာလအတွက် ဘတ်ငွေ (၆.၆) ဘီလီယံကို ခွဲဝေချထားပေးရန် စီစဉ်ထားကြောင်းနှင့် ပုဂ္ဂလိကကဏ္ဍမှလည်း ခန့်မှန်း ခြေအားဖြင့် ဘတ်ငွေ (၂.၂၂) ဘီလီယံခန့် ထည့်ဝင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အစိုးရအနေဖြင့် အစားအစာပြုပြင်ထုတ်လုပ်ရေး ဖွံ့ဖြိုးတိုးတက်မှုကို ၎င်း၏ လုပ်ငန်းလုပ်ဆောင်ချက်အစီအစဉ်များ (Action Plan) နှင့်ကိုက်ညီမှုရှိစေရေး ကြီးကြပ်ဆောင်ရွက်သွားရန် အမျိုးသားအဆင့် ကော်မတီတစ်ရပ်ကိုလည်း ဖွဲ့စည်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

အစိုးရအနေဖြင့်အစားအစာလုပ်ငန်းမှ ၂၀၂၇ ခုနှစ်တွင် ဝင်ငွေဘတ် (၁.၄၂) ထရီလီယံရရှိစေရန်၊ အစားအစာလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများဖြစ်သော ထုတ်ပိုးမှု လုပ်ငန်းမှ ဝင်ငွေ (၄.၅) ထရီလီယံ၊ ရင်းနှီးမြှုပ်နှံမှုတန်ဖိုး တစ်နှစ်လျှင်ဘတ်ငွေ (၄၅) ဘီလီယံရရှိစေရန် ရည်ရွယ်ထားပါသည်။ ထိုင်းနိုင်ငံအနေဖြင့် လက်ရှိတွင် ကမ္ဘာ ဈေးကွက်တွင် (၁၁) ခုမြောက် အကြီးမားဆုံး အစားအစာတင်ပို့သူနိုင်ငံဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် အစားအစာပြည်ပသို့ သင်္ဘောတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ (၃၃.၁) ဘီလီယံရှိခဲ့ပြီး ၂၀၁၈ ခုနှစ်ကထက် (၃%) တိုးတက်ခဲ့ခြင်းဖြစ်ပါသည်။

 

Source:Bangk Post      

(မြန်မာစီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ)                                                         

Category: International News